ဘာကြောင့် မျက်စိခြောက်သွေ့ရတာလဲ
မျက်စိခြောက်သွေ့တာကို ခံစားကြဖူးလား?
တခါတလေ မျက်စိခြောက်သွေ့မှန်းမသိပေမယ့် မျက်စိက ပူနေသလိုလို၊ ယားနေသလိုလို ခံစားရပြီး မကြာခဏပွတ်နေမိတာ
- မျက်စိက နီရဲလာတာ
- မျက်ရည်က စေးကပ်ကပ်ဖြစ်နေတာ
- အလင်းရောင်စူးစူးတွေ မကြည့်နိုင်တာ
- မျက်စိထဲမှာ ခိုးလိုးခုလု ဖြစ်နေတာ
- မျက်ကပ်မှန်တပ်ရခက်တာ
- ညဘက်ကားမောင်းရခက်တာ
- မျက်ရည်ပူတွေ ကျလာတာ စတဲ့ လက္ခဏာတွေ ရှိနေရင် မျက်စိခြောက်သွေ့တာကြောင့် ဖြစ်နိုင်ပါတယ်။
မျက်ကြည်လွှာရဲ့ အပြင်ဘက်မှာ မျက်ရည်အလွှာရှိပါတယ်။ မျက်ရည်အလွှာရဲ့ အတွင်းဆုံးက အချွဲလွှာဖြစ်ပြီး မျက်ရည်က မျက်လုံးနဲ့ကပ်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒုတိယအလွှာကတော့ ရေအလွှာဖြစ်ပြီး မျက်စိကို အာဟာရပေးဖို့နဲ့ ကာကွယ်ပေးဖို့ လုပ်ဆောင်ပါတယ်။ အပြင်ဘက်ဆုံးအလွှာကိုတော့ ဆီအလွှာလို့ခေါ်ပြီး မျက်စိကို စိုစွတ်နေအောင်နဲ့ မျက်ရည်တွေအငွေ့ပျံခြင်းမရှိအောင် လုပ်ဆောင်ပေးပါတယ်။
မျက်တောင်ခတ်လိုက်တိုင်းမှာ မျက်ရည်ဂလင်းနဲ့ မျက်ရည်ပြွန်တွေက ထုတ်ပေးတဲ့ မျက်ရည်တွေကို ထိုအလွှာသုံးခုဆီ ပို့ဆောင်ပေးပြီး အစိုဓာတ်ရအောင် လုပ်ဆောင်ပေးတာပါ။ မျက်ရည်လုံလောက်အောင် ထုတ်မပေးနိုင်တဲ့အခါနဲ့ ထိုအလွှာသုံးခုမှာ ချို့ယွင်းချက်ရှိတဲ့အခါ မျက်စိက ခြောက်သွေ့လာပါတယ်။
မျက်စိကို အဓိက ခြောက်သွေ့စေတာကတော့ မျက်ရည်ထုတ်လုပ်မှု လျော့နည်းခြင်းနဲ့ မျက်ရည်အငွေ့ပျံမှု များခြင်းတို့ကြောင့် ဖြစ်ပါတယ်။
မျက်ရည်ထုတ်လုပ်မှု လျော့နည်းစေတဲ့ အကြောင်းများ
- အသက်ကြီးလာတာ (၅၀ ကျော်ရင်
- လေးဖက်နာအဆစ်ရောင်၊ သွေးလေးဖက်နာ၊ အရေပြားကင်ဆာ၊ မျက်စိမှာဓာတ်မတည့်မှု ဖြစ်တာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတာ၊ ဗိုက်တာမင် အေ ချို့တဲ့တာ စတဲ့ရောဂါတွေ
- မျက်ကပ်မှန်တပ်ထားတဲ့အခါ၊ လေဆာနဲ့မျက်စိခွဲစိတ်စဥ် မျက်စိအာရုံကြောကို ထိခိုက်မိတဲ့အခါ (ယာယီခြောက်သွေ့ခြင်းသာ ဖြစ်ပါတယ်)
- ဓာတ်မတည့်ရာမှာပေးတဲ့ဆေးတွေ၊ အအေးမိပျောက်ဆေး၊ စိတ်ကျရောဂါမှာ သောက်ရတဲ့ဆေး၊ ဟော်မုန်းအစားထိုးဆေးတွေ၊ သွေးကျဆေး၊ ဝက်ခြံကုဆေးနဲ့ ပါကင်ဆွန်ရောဂါမှာပေးတဲ့ဆေးတွေ စတဲ့ အကြောင်းတွေကြောင့် မျက်ရည်ထုတ်လုပ်မှု လျော့နည်းပြီး မျက်စိခြောက်သွေ့နိုင်ပါတယ်။
မျက်ရည်အငွေ့ပျံမှု များစေတဲ့ အကြောင်းများ
- မျက်ရည်ဂလင်း ပုံမှန်အလုပ်မလုပ်တာ သို့မဟုတ် ပိတ်တာ
- စာဖတ်တဲ့အခါ၊ ကားမောင်းတဲ့အခါ နဲ့ ဖုန်း၊ ကွန်ပြူတာတွေ ကြည့်တဲ့အခါ အာရုံစူးစိုက်ပြီး မျက်တောင်မခတ်မိတာ
- မျက်ခွံလန်နေတာ
- မျက်ခွံက အတွင်းဘက်ဝင်ပြီး မျက်တောင်စိုက်နေတာ
- မျက်စဥ်းဆေးတွေနဲ့ ဓာတ်မတည့်တာ
- လေ၊ မီးခိုးနဲ့ အမှုန်တွေဝင်တာတွေကြောင့် မျက်စိခြောက်သွေ့နိုင်ပါတယ်။
မကုသဘဲထားရင်
စာဖတ်တာ၊ ဖုန်းသုံးကွန်ပြူတာကြည့်တာမျိုး မလုပ်နိုင်လို့ စိတ်ဓာတ်ကျတာ
မျက်စိပိုးဝင်တာ
မျက်စိရောင်ရမ်းတာ၊ မျက်ကြည်လွှာပွန်းကာ အမြင်အာရုံဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။
ဘယ်လိုကာကွယ်မလဲ?
မျက်စိခြောက်သွေ့တယ်လို့ ခံစားရရင်
- ဘာကြောင့်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာရပါမယ်။
- မျက်စိကို အခြောက်ခံစက် dryer၊ ပန်ကာ၊ အဲကွန်းတို့မှ လေတိုက်ရိုက်ရောက်ခြင်း မရှိအောင်ထားပါ။
- အေးပြီးခြောက်သွေ့တဲ့ ရာသီဥတုမှာ အခန်းတွင်း အစိုဓာတ်ရအောင် ရေနွေးငွေ့စက်မျိုးထားပါ။
- အပြင်သွားရင် မျက်မှန် သို့မဟုတ် မျက်စိအကာအကွယ် ဝတ်ပါ။
- အာရုံစူးစိုက်တဲ့ အလုပ်လုပ်ရတဲ့အခါ မျက်စိကို အနားပေးပါ။ မျက်စိမှိတ်ပြီး ခဏနားတာ၊ မျက်တောင်မကြာခဏခတ်တာမျိုး လုပ်ပါ။
- သဲကန္တာရထဲမှာ၊ တောင်ပေါ်ဒေသတွေမှာနဲ့ လေယာဥ်ပေါ်မှာ ဆိုရင် မျက်စိက ပိုမိုခြောက်သွေ့တတ်လို့ ထိုပတ်ဝန်းကျင်မျိုးမှာ နေတဲ့အချိန် မျက်စိကိုမကြာခဏမှိတ်ပြီး အနားပေးတာမျိုး လုပ်ပါ။
- ကွန်ပြူတာ၊ ဖုန်း၊ TV စသည်ကို မျက်စိနဲ့တစ်တန်းတည်း သို့မဟုတ် မျက်စိအောက်နိမ့်တဲ့ နေရာမှာထားပါ။ မျက်စိရဲ့အပေါ်မှာ ထားတဲ့အခါ မျက်စိကိုအပေါ်လှန်ကြည့်ရလို့ ပိုမိုခြောက်သွေ့စေပါတယ်။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ငွေ့ဟာ မျက်စိခြောက်သွေ့ခြင်းကို ပိုဆိုးစေပါတယ်။
- မျက်စိခြောက်သွေ့တတ်ရင် ပိုးသတ်ဆေးနဲ့ စတီးရွိုက်မပါတဲ့ (cool eyes တို့လို့) မျက်ရည်တုမျက်စဥ်း သုံးစွဲပေးပါ။
မျက်စိခြောက်သွေ့တာဟာ နေရတကယ်ခက်စေသလို အမြင်အာရုံဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တာမို့ ဂရုစိုက်ကာကွယ်ကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်